Thursday, April 14, 2011

လှူတတ်ပါစေ

တစ်ချို့တွေ ဒါနပြုကြတယ်။ ဒါနပြုကတည်းက သူတစ်ပါး အထင်ကြီးအောင် ပြိုင်ဆိုင်ပြီး လှူတဲ့အလှူတွေ.. ငါမှလှူနိုင်တယ်ဆိုတဲ့ အလှူတွေ.. ဂုဏ်ပကာသနကို အဓိကထားပြီး လုပ်တဲ့အလှူတွေ အများဆုံး တွေ့ရပါတယ်။ တကယ်လိုအပ်တဲ့ နေရာတွေကျတော့ လှည့်တောင် မကြည့်ကြတာ များပါတယ်။ ဒါဘာလို့လည်း ဆိုတော့ ဒါန အကြောင်းကို နားမလည်လို့ပါ။ ဒါနပြုတယ် ဆိုကတည်းက အလှူခံပုဂ္ဂိုလ် လိုအပ်တာကို ဖြည့်ဆည်း ပေးတာပါ။ လှူတော့မယ် ဆိုရင် အလှူခံပုဂ္ဂိုလ် အတွက် ဘာလိုသလဲ ဆိုတာကို အရင်ဆုံး ကြည့်ရပါ့မယ်.. နောက်.. သူ့အတွက် တကယ် အသုံးတည့်မည့် ပစ္စည်းလား.. တကယ်ရော လိုရဲ့လား.. အကျိုးလည်းရှိရဲ့လား ဆိုတဲ့ အချက်တွေကို အရင်ဆုံး ကြည့်ရပါမယ်။ ကိုယ်လှူချင်တာ ရမ်းလှူနေရင် အကျိုးတော့ပေးပါမယ်.. ဒါပေမယ့် အကျိုး မကြီးပါဘူး။ ဒီအချက်လေးကို ဆရာတော်ရှင်ဇ၀န ဟောပြဆုံးမတဲ့ စကားလေးနဲ့ ဖော်ပြပေးပါ့မယ်..။ ဆရာတော်က ဘယ်လို ဆုံးမသြ၀ါဒ ပေးထားသလဲ ဆိုတော့.. မရွေးချယ်ဘဲ ရမ်းလှူသော အလှူဒါနမျိုးသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာ ပေါများ ကြွယ်ဝ သော်လည်း ဥာဏ်ထိုင်းသူ၊ မဂ်ဖိုလ်မရနိုင်သူ ဖြစ်တတ်တယ်.. လောကအတွက် သာသနာအတွက် ဥာဏ်ယှဉ်ပြီး ရွေးချယ် လှူဒါန်းသူများမှာတော့ ဖြစ်ရာဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသလို ဥာဏ်ပညာ ကောင်းပြီး တရားတစ်ကြိမ်နာယုံနဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်တယ် တဲ့။ ဒါ့ကြောင့် လှူတဲ့အခါမှာ ရမ်းမလှူဘဲနဲ့ စီစစ်ရွေးချယ် လှူတတ်ဖို့.. ဥာဏ်ယှဉ်ဖို့ အင်မတန် အရေးကြီးပါတယ်။

ဒါနပြုတဲ့အထဲမှ ပါရမီထိုက်တဲ့ဒါနနဲ့ ပါရမီမထိုက်တဲ့ဒါန ဆိုပြီးတော့ ဒါနနှစ်မျိုး ရှိပါတယ်။ ပါရမီထိုက်တဲ့ ဒါနဆိုတာကတော့ ငါကောင်းစားဖို့ဆိုတာ မပါဘဲနဲ့ အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ အဓိကထားပြီး နိဗ္ဗာန်ကို ရည်စူးလှူဒါန်းတဲ့ အလှူမျိုးကို ပါရမီထိုက်တဲ့ ဒါနလို့ ခေါ်ပါတယ်။ ပါရမီထိုက်တဲ့ ဒါနမှာ ငါဆိုတဲ့ အတ္တဒိဋ္ဌိ၊ ကောင်းစားဖို့ဆိုတဲ့ လောဘ မပါပါဘူး။ အလှူခံပုဂ္ဂိုလ်ကိုဘဲ အဓိက ထားပါတယ်။ အလှူခံပုဂ္ဂိုလ် ကောင်းစားဖို့ကို ရွေးပြီးလှူတဲ့ အတွက်လည်း ပါရမီ ထိုက်သွားတာပါ။ အလှူခံပုဂ္ဂိုလ် (၁၄)ဦး ရှိပါတယ်။
(၁) တိရစ္ဆာန်
(၂) သီလမရှိသောပုဂ္ဂိုလ်
(၃) သီလရှိသော သူတော်ကောင်း
(၄) သာသနာပအခါ ကိလေသာကင်းအောင် ကျင့်သောရသေ့
(၅) အရိယာပုဂ္ဂိုလ် (၈)ဦး
(၆) ပစ္စေကဗုဒ္ဓခေါ် ဘုရားငယ်
(၇) သမ္မာသမ္ဗုဒ္ဓဘုရားရှင်။

အလှူခံပုဂ္ဂိုလ်(၁၄)ဦးမှာ တိရစ္ဆာန် တစ်ကောင်ကို ကျွေးမွေးလှူဒါန်းရင် ဘ၀တစ်ရာ ချမ်းသာတဲ့ ကောင်းကျိုး ရပါတယ်။ အိမ်မှာရှိတဲ့ ခွေးလေးတွေ ကြောင်လေးတွေ ကို စေတနာရှိရှိနဲ့ ကောင်းကောင်းမွန်မွန် သန့်သန့်ပြန့်ပြန့် မိမိစားသလိုမျိုးလေး ကျွေးလိုက်ရင်ကို ဘ၀(၁၀၀) ချမ်းသာတဲ့ ကောင်းကျိုးတွေ ရသွားတာပါ။ သီလရှိတဲ့ သူတော်ကောင်းကို ကျွေးရင် ဘ၀တစ်သောင်း ချမ်းသာတဲ့ ကောင်းကျိုး ရပါတယ်။ သာသနာပ ကိလေသာ ကင်းအောင် ကျင့်နေတဲ့ ရသေ့ကို လှူရင်တော့ ဘ၀ပေါင်း ကုဋေတစ်သိန်း ချမ်းသာတဲ့ ကောင်းကျိုးတွေ ရပါတယ်။ အရိယာပုဂ္ဂိုလ်(၈)ဦး၊ ပစ္စေကဗုဒ္ဓခေါ် ဘုရားငယ်၊ သမ္ဗာသမ္ဗုဒ္ဓ ဘုရားရှင် တို့ကို လှူဒါန်းမယ် ဆိုရင်တော့.. ဘယ်သူ့ကိုဘဲ လှူလှူ ဘ၀ပေါင်း ဘယ်ရွေ့ ဘယ်မျှ ချမ်းသာမယ်လို့ ဘုရားရှင်တောင် မဟောနိုင်ပါဘူးတဲ့။

အလှူခံပုဂ္ဂိုလ် (၁၄)ဦးကို အစဉ်လိုက် ချပြတယ်ဆိုတာ အကျိုးကြီးတဲ့ဟာကို ရွေးလှူဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ အကျိုးကွာခြားပုံကို သိစေချင်လို့ပါ။ ဘုရားရှင်ရဲ့ အဓိက ဆိုလိုရင်းက အကျိုးကြီးတဲ့ ပုဂ္ဂိုလ်ကို ရွေးလှူဖို့ထက် လိုအပ်တဲ့ လူကို ရွေးချယ်လှူဒါန်း စေချင်တာပါ။ အကျိုးကြီးတဲ့ ပုဂ္ဂိုလ်ထက် လိုအပ်နေတဲ့ ပုဂ္ဂိုလ်ကို ရွေးလှူမှ ပါရမီ ထိုက်ပါတယ်။ ဒါဆို ဘာလို့လည်း ဆိုတာလေး ကြည့်ရအောင်..။ သာသနာပမှာ ဈာန်ရနေတဲ့ ရသေ့တစ်ယောက်နဲ့ လမ်းဘေးမှာ အစာငတ်ပြီး လဲနေတဲ့ လူတစ်ယောက် တွေ့ပြီ ဆိုပါစို့။ ကိုယ်က ဘယ်ဟာကို လှူမှာလဲ? အလှူခံပုဂ္ဂိုလ် နှစ်ယောက်မှာ ဈာန်ရ ရသေ့ကို လှူရင် ဘ၀ကုဋေတစ်သိန်း ချမ်းသာရမယ်.. အစာငတ်ပြီး လဲနေတဲ့ လူကိုလှူရင် ဘ၀ တစ်သောင်း ချမ်းသာ ရမယ်။ ဒီအချိန်မှာ ရွေးချယ် လှူဒါန်းတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ် တကယ်တမ်းလှူရမှာက လမ်းဘေးမှာ အစာငတ်ပြီး လဲနေတဲ့ လူကိုပါ။ ဘာလို့လည်း ဆိုတော့ အစာငတ်ပြီး လဲနေတဲ့ လူဟာ ကိုယ်လှူတဲ့ အလှူကို ရရင် အသက် ချမ်းသာမှု ရမယ်.. ဈာန်ရ ရသေ့ကတော့ မလှူလည်း ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဆရာတော်တစ်ပါး ဆုံးမသြ၀ါဒ ပေးသလိုပါပဲ.. ပြည့်ပြီးသား အိုးကို ထပ်ပြီး ဖြည့်နေတာဟာ အပြင်ကိုလျှံကျပြီး အလကား ဖြစ်ကုန်တာပါ.. လိုတဲ့အိုးကိုဖြည့်မှ အကျိုးရှိမှာပါ တဲ့။ တကယ်လည်း လိုအပ်တဲ့လူကို လိုအပ်တဲ့ပစ္စည်း လှူမှသာ အသုံးဝင်ပြီး သူ့အတွက် အကျိုးကျေးဇူး များသွားမှာပါ.. မလိုတဲ့လူအတွက်က အပိုဖြစ်ပြီး အသုံးမတည့်ဖြစ်နေရင် အလကားပါပဲ။ ဒါ့ကြောင့်လည်း ဘုရားရှင်က လိုအပ်တဲ့ နေရာ လှူတာကို သာဓုခေါ်တာပါ။

ဒါဘာလို့လည်း? ဘာလို့ လည်းဆိုတော သေတော့မယ့်လူကို ပြစ်ပြီး ဈာန်ရရသေ့ကို လှူလိုက်တာဟာ ဘ၀တစ်သိန်း ခံစားချင်တဲ့ လောဘကို တက်မက်တဲ့စိတ် ပါသွားပါတယ်။ ပြောရရင်တော့ လောဘတဏှာ ပေါ့။ နောက်ပြီး ငါ့ဘ၀ အဆက်ဆက် ကောင်းစားဖို့ ဆိုတဲ့ ဒိဋ္ဌိကြီးပါပါသွားတဲ့ အတွက် ဒိဋ္ဌိတန်းလန်းကြီးနဲ့ ဒါန ပြုလိုက်တာပါ။ သူလှူလိုက်တဲ့ အလှူဟာ သူရချင်တဲ့ ဘ၀တစ်သိန်းတော့ ကောင်းကျိုးပေးမှာ မလွဲပါဘူး။ ဒါပေမယ့် မအိုရာ မသေရာ အမြတ်နိဗ္ဗာန် ကိုတော့ သူ့ရဲ့ဒါနဟာ ကောင်းကျိုးပေးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ဘုရားရှင်က သာဓု မခေါ်တာပါ။ သီလမရှိဘဲနဲ့ လမ်းဘေးမှာ ငတ်ပြတ်နေတဲ့ ပုဂ္ဂိုလ်ကို လှူတာကျတော့ ငါကောင်းစားဖို့ဆိုတဲ့ စိတ် မပါဘူး။ အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ကို အဓိကထားတယ်.. နောက်ပြီး နာမည်ကြီးဖို့.. သူများအထင်ကြီးဖို့.. အသိအမှတ်ပြုတဲ့ လက်မှတ်တွေပါဖို့ တစ်ခုမှ မပါပါဘူး..။ သူတစ်ပါး ကောင်းဖို့ကို အဓိက ထားတဲ့ အတွက် ပါရမီ ထိုက်သွားတာပါ။ ဒိဋ္ဌိနဲ့ လောဘ ဖြုတ်ပြီး လှူလိုက်တဲ့ အတွက်လည်း ပါရမီ ထိုက်သွားတာပေါ့။ ဒါ့ကြောင့်လည်း ဘုရားရှင် သာဓုခေါ်တာပါ။

ဒါဆို ကျနော်တို့တွေဟာ ဘယ်အလှူဘဲလှူလှူ ပါရမီထိုက်ဖို့.. ဘုရားသာဓု ခေါ်ဖို့ လိုအပ်ပါတယ်။ အလှူလှူတဲ့အခါ ပြီးစလွယ် ပြီးပြီးရော မလှူမိဖို့ အရေးကြီးပါတယ်။ လှူသာ လှူလိုက်ရတယ်.. သံသရာလည်စေတဲ့ အလှူမျိုး ဖြစ်သွားမယ် ဆိုရင်တော့ လှူပြီးတော့ အကြိမ်ကြိမ် သေဖို့ကို ဆုတောင်း နေသလိုမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အလှူလှူပြီဆိုရင် ငါကောင်းစားဖို့ကို အဓိက မထားဘဲနဲ့ သူတစ်ပါးလိုအပ်တဲ့ အရာ.. တကယ်အသုံးလိုတဲ့အရာ.. သူ့အတွက် အကျိုးရှိမဲ့ အရာမျိုးကို ရွေးလှူဖို့ အင်မတန်မှ အရေးကြီးပါတယ်။ လှူတတ်ဖို့.. လှူနိုင်ဖို့.. လှူချင်တဲ့ စေတနာရှိဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ဘုရား သာဓုခေါ်မှာပါ။ အလှူဒါန ပြုကြသူအားလုံး.. တကယ် လိုအပ်နေတဲ့နေရာ တကယ် လိုအပ်နေတဲ့ အလှူကို ရွေးချယ်လှူဒါန်း နိုင်ပြီးတော့ မအိုရာ မသေရာ အမြတ်နိဗ္ဗာန်ကို လှမ်းတက် နိုင်ကြပါစေ…။။။

Credit to
စာရေးသူ၊ မောင်ကောင်း
http://www.dhammaflavour.net/2009/05/blog-post_426.html